Saturday, November 17, 2007

Food - Chick (Carving, marinate)

ဆု ရ ထားတယ် ဗျို့ 

အဟဲင်း...(ချောင်းဟတ်သံ) ဆုရလို့  အားလုံးက ကျွေးရမယ် လို့  ၀ိုင်းညှင်းနေတော့ မနေနိုင်ဘူးခမျ။ ဆြာကိုစိုးထက်ပေးတဲ့ ရွှေတံဆိပ်ဆု ကြီးကိုလည်း ကြွားချင်လို့  ပြီးတော့ ကိုယ့်ကိုကိုယ် ဂုဏ်ပြု တဲ့ အမှတ်နဲ့  ကျွေးမယ်ဗျား (စာမကျက်တဲ့ ဂုဏ်ပေါ့ဗျာ) ...တနေ့ က ကြက်တကောင် လျော့ဈေးနဲ့  (၈၀ပြား) ရလို့  အကောင်လိုက်ဝယ်လာတယ် မအားတာနဲ့ ပစ်ထားတယ်။ အဲဒီတော့

ကြက်တကောင်လုံး ဘယ်လို အသုံးချမလဲ


ကြက်တကောင်လုံး အသုံးချဖို့ ဟင်း၅ခုရွေးလိုက်တယ်

အုန်းနို့ ခေါက်ဆွဲ။ ကြာဆံချက် အတွက် အရိုးရယ် ခြေသလုံးသားရယ် လက်တောင်ပံတွေရယ်
ရင်အုံ အသားတွေ ကို တော့ ဆာတေးလုပ်မယ်
ပေါင်သားတွေကိုတော့ ဒန်ပေါက်ကြက်သားလို ချက်မယ်
အရေခွံကိုတော့ အထူးစပါယ်ရှယ် ကြော်မယ်


ကြက်ကို ကောင်းကောင်း ဘယ်လို နွာ မလဲ

၁- တောင်ပံကို ဖြတ်ထုပ်လိုက်တယ်
၂. ကြက်ရင်ပုံ ဘေးတ၀ိုက် ဓါးနဲ့ ဖြတ်လိုက်တယ်။ ပြီးတော့ ခါးရိုးကနေ လှန်ချလိုက်တယ်(ခါးအပေါ်နဲ့ ခါးအောက်ပိုင်းကပ်တဲ့ပုံ)ပြီးတော့ ဒါးနဲ့ ဖြတ်လိုက်တော့ အပေါ်နဲ့ အောက် ကွဲသွားပြီ။ အရေခွံတွေ အားလုံးဆွဲထုပ် လိုက်တယ်။
ခြေထောက်ပိုင်းကျတော့ ခြေကျင်းဝတ်ကို ပတ်လည်လှီး ပြီးအရေခွံ ချွတ်လိုက်တယ်
၃. လက်မနဲ့ အရိုးနား ကပ်တွန်း ပြီး အသားတွေ အကုန် ထွင်လိုက်တယ် (ရင်ပုံပိုင်း) ကျောပိုင်းကိုလည်း ထွင်တယ် အသားနဲနဲ ကပ်တော့ အုန်းနို့ ၊ကြာဆံချက်အတွက် ကောင်းတာဘဲ
၎. ပေါင်ရင်းကို ကျောနဲ့ ကွဲအောင် ဒါးနဲ့ ဖြတ်လိုက်တယ် ခြေဆစ်တွေ မှာ ဒါးနဲ့ လှီးပြီး တပိုင်းစီဖြတ်အောင် ဖြတ်လိုက်တယ်။ (ခုတ်စရာတောင် မလိုဘူး)။ ပြီးတော့ အဆစ်နားကို ဒါးနဲ့ ရစ်လိုက်ပါ အရိုးကို ဒေါင်ပြီး ဘေးပတ်လည်ကို ဖိချလိုက်ရင်အသားတွေ ထွက်လာမယ်။ တကယ်လို့ ကပ်နေရင် မပြတ်တဲ့ နေရာတွေ ဒါးနဲ့ ဘဲ ဖြတ်ပေါ့ အသားနဲနဲ ကျန်တော့ ဟင်းချိုအတွက် အသားရတာပေါ့လေ
၅. ကြက်ဖင်ကို ဖြတ်လိုက်တယ်။ (အပေါ်ဖက်က ကြည့်ရင် တြိဂံပုံပေါ်မှာ ဆီဗူးတလုံး ရှိမယ်) အဲဒါကို ဘဲ ဖြတ်လွှင့် လိုက်တယ် ကြက်စအိုလို့ ပြောတာဘဲ။ မှားရင် ပြင်ပေးကြပါ။ ကျန်တာကို ဟင်းချိုထဲထဲ့မယ်
၆. လက်ကိုလည်း အဆစ်တွေမှာ ဒါးနဲ့ ရစ်ပြီး တပိုင်းစီဖြတ်တယ်။ ကျနော့မှာ ဒါးမမရှိတော့ ဒါးနဲ့ လှီးနိုင်တယ်။
၇.ကြက်သားမှာ ကပ်နေတဲ့ အဆီခဲတွေ အကုန်ဖယ်လိုက်တယ်


ကြက်သား ဆာတေး
မေ့နေလို့  နက်ထဲ ၀င်ကြည့်ရသေး။ လက်ထဲမှာ ပစည်းအကုန်မရှိတော့ ရှိတာနဲ့ ဘဲလုပ်မယ်
- ကြက်ရင်ပုံအသားတွေ ထူရင် ပြားအောင် ပိုင်းလိုက်တယ် ပြီး ၁လက်မအရွယ် ရှည်လမျော စိတ်တယ်။ ၀ါးချွန်မှာ ထိုးလို့ ရအောင်
- အရက်ထဲ့ရင်တော့ မွှေးမယ်။ ကျနော်က ရှောင်ထားလို့  ဒိန်ချဉ်ဘဲသုံးတယ်။ ၄ဇွန်း
- ကြက်သွန်ဖြူ အမှုန့်  (ကြက်သွန်ဖြူကိုသုံးရင် ညှက်အောင်လုပ်သင့်သည်) ၁.၅ဇွန်း
- တရုတ်မဆလာ အမှုန် (နိုင်ငံခြားရောက်သူတွေ အတွက် chinese 5 spices) ၁ဇွန်း
- ငံပြာရည် အကြည် ၃ဇွန်း
- နနွင်း ၂ဇွန်း
- ပျားရည်၂ဇွန်း
- Hosin ခေါ်တဲ့ BBQ sauce သို့ မဟုတ် မြန်မာပြည်မှာတော့ ပဲငပိအချိုရည် ၂ဇွန်း
- အချိုမှုန့် (မထဲ့လဲရတယ်)
- သကြား၂ဇွန်း
- ဂျင်း အရည်၂ဇွန်း (ကျနော်က ဂျင်းစိတ်ရမှာပျင်းတော့ chicken rice sauce ကို ၂ဇွန်းပစ်ထဲ့လိုက်တယ်)
- (စာအတိုင်းကတော့ နံနံစေ့။ နာနတ်ပွင့်၊ ငရုတ်ကောင်းထဲ့တာ တခုချင်းထဲ့ရမှာ ရှုပ်လို့  တရုတ်မဆလာသုံးလိုက်တာ)
(ရေးမဲ့သာ ရေးတာ ကျနော်က ပစ်ထဲ့တာ။ ဇွန်းနဲ့ ချိန်ထဲ့တာမဟုတ်ဘူး အချိန်အဆ ပိုတာလိုတာ ကိုယ့်စိတ်ကြိုက်ထဲ့ပေါ့)
အခုနှပ်ထားတယ် နောက်နေ့ ကျမှ ကင်မယ်


ဒန်ပေါက်ကြက်သား
အသိ ကုလားမတယောက်ဆီမှာ ဒန်ပေါက်သွားစားတာ ရင်မပူဘူး။ ချက်နည်း မေးတော့ မဆလာကို ထမင်းထဲ မထဲ့ဘူး ကြက်သားကိုဘဲ ထဲ့တယ် ဆိုတော့ ရင်မပူဘူးလေ။
ပေါင်သားအကုန်လုံးကို ၏
- ဒိန်ချဉ် ၅ဇွန်း
- ကြက်သားမဆလာ ၁.၅ဇွန်း
- နနွင်း ၀.၅ဇွန်း
- ဆား ၀.၂၅ဇွန်း (အငံလျော့စားတာ အကျင့်ဖြစ်နေတယ်)
နှပ်ထားတယ် နောက်နေ့ မှ ချက်မယ်

အရိုးတွေ ဆားလူးပြီး အအေးခန်းထဲ ထဲ့ထားတယ် အခု ည သန်းခေါင်ကျော်လို့  ၁နာရီထိုးတော့မယ် မလုပ်ချင်တော့ဘူး နောက်နေ့ မှ.

ကဲ ကြက်တကောင် လုံး အရိုးတခြား အသားတခြား ပယ်ပယ်နှယ်နှယ် ကိုင်နွာပြီး နှပ်ပစ်လိုက်ပြီ နော်..

နောက်မှ ဆုံကြမယ်

0 comments:

 
/* EOT ----------------------------------------- */