Friday, December 28, 2007

True story - Happiest Time


တက်ရဲ တက်ကြည့်

အပျော်ဆုံး အချိန်လား သိပ်ရှိတာပေါ့ အများကြီးထဲက တခုပြောပြမယ် အဲဒါ ကိုရင်ဝတ်တဲ့ အချိန်ပေါ့

ကိုရင်ဝတ်တုန်းက မင်းသားလိုဝတ်ရလို့ သိပ်ပျော်တာဘဲ။ သူများတွေရဲ့ ဂုတ်ပေါ်တက်နေရလို့ တယ်မြင့်တဲ့ ငါပါကလား လို့ ဟီးဟီး

အလျှုမှာ လူတကာက ၀ိုင်းကြည့်တော့ ငှဲငှဲ မျက်နာပေးလေးနဲ့  ငြိမ်ငြိမ်လေးနေပြရတယ် ကြည့်ကြ ကြည့်ကြ မင်းသားနော်.. ပြောင်ပြောင်လက်လက်နဲ့  ပါးကွက်အ၀ိုင်းသားနဲ့  မင်းသား ကြည့် .. ကြည့်..

အလျှုလဲပြီးရော ဘုန်းကြီးကျောင်းမှာ ဆံချရတယ်။ ဆံပင်နှမျောလို့  ကြိတ်ငိုရတယ် ပြီးတော့ ဘုန်းတော်ကြီး ရဲ့ သင်တုန်းဓါးက မထက်တော့နာတယ် ထက်တဲ့ ဓါးပြောင်းပြန်တော့ ခေါင်းရှတယ် တော်တော်ခက်တဲ့ဘဘုန်းကြီး ။

ဘုန်းကြီးကျောင်းမှာ အသက်အငယ်ဆုံး ကိုရင်တွေ ပြီးတော့ ကျောင်းအမ မိသားစုဖြစ်နေတော့ ဘဘုန်းကြီးက မငေါက်ရက်ဘူး။ ဒါကြောင့် သိတတ်လိမ်ာစွာနဲ့  ညီအကို နှစ်ယောက် မျောက်လွဲကျော်ဖြစ်တယ်။ သင်္ကန်းလေး လည်ပင်းသိုင်း သစ်ပင်ပေါ်က ခုန်ချပြီး ဆူပါမင်းလုပ်ရတာအမော၊ သင်္ကန်းလဲ ဒီဇိုင်းမဲ့ကြေးနီရောင်ကနေ ဒီဇိုင်းမျိုးစုံဆေးဆိုးပန်းရိုက်ဘဲ တခါတလေ စိတဇပန်းချီဆရာတောင် အရှုံးပေးရတဲ့ ရောင်စုံဒီဇိုင်း သင်္ကန်းဖြစ်သွားတယ်။ တယ်တော်တဲ့ ကိုရင်လို့ ထင်ကြမှာဘဲ...

ညဘက်ရောက်တော့ ကိုရင်လေးတွေ ဆာမှာစိုးလို့ ဆိုပြီး ဒကာမကြီးကပ်ထားတဲ့ ဖျော်ရည်တွေ တခွက်ပြီးတခွက် တဗူးပြီးတဗူး တပုလင်းပြီးတပုလင်း သောက်လိုက် ဆော့လိုက် ပေါက်လိုက်နဲ့  နောက်ဆုံး ဘဘုန်းကြီးက ကိုရင်တွေ အိမ်ပြန်ကြွတော့ ဆိုပြီး ပညာစုံဘွဲ့  ပေးပြီး ကန်ထုတ် လိုက်တယ်။ အိမ်ရောက်တော့ ကိုရင်တွေ ကို မဆူကောင်းဘူးဆိုပြီး အခွင့်အာဏာအပြည့်နဲ့  ရှိသမျှ စားပွဲတွေ ကုလားထိုင်တွေ တခုပြီး တခု ခုန်ပြန်ကျော်လွှားပြီး ဘက်မင်းကိုရင်၊ စပိုင်ဒါ ကိုရင်၊ ပင့်ကူကိုရင်၊ ဆူပါမင်းကိုရင်၊ ရမ်ဘိုကိုရင်၊ တာဇံကိုရင် တမျိုးပြီးတမျိုး နည်းကုန်ဘဲမကုန်နိုင်ဘူး။ ၀ိနည်းလိုက်နာတာ ပြောပါတယ်....

တဖြည်းဖြည်းနဲ့  တပတ်ကနေ တလပြည့်တော့ အိမ်က ကြီးတော်ကြီးတွေ အဒေါ်တွေ အဖွားတွေ အမေအဖေက ကိုရင်တို့ ကို မကတော့ချင်တော့ဘဲ ခေါင်းခေါက်ချင် လာလို့  ကိုရင်ထွက်ခိုင်းတယ်။ တကယ်ခက်တဲ့ ဒကာတွေဒကာမတွေဘဲ။ ကြည့်စမ်း သာသနာ့ဘောင်မှာ သားတော်၂ပါးပျော်မွှေ့ တယ်ဆိုပြီး ပီတိမဖြစ်ချင်ကြဘူး။

လူဝတ်လဲဖို့ ပြောတိုင်း မျက်ရည်လက်နက်နဲ့  ခြိမ်းခြောက်ရတာ နောက်ထပ် ၂ပတ်ထပ်စွန်းလာတယ်။ နောက်ဆုံး လူဝတ်လဲရင် ဆူပါမင်းင်္အကျီ ၀ယ်ပေးမယ်ပြောတာနဲ့  မျက်ရည်စမ်းစမ်းနဲ့  မထွက်လို့ လဲမဖြစ် ကျောင်းက တက်ရတော့မယ်။

ကိုရင်ဝတ်ချိန်မှာ ဆူပါမင်း ဘက်မင်း စပိုင်ဒါလုပ်တုန်းက ချော်ကျပြုတ်ကျပေါက်ပြဲတဲ့ ဒူးခေါင်း လုံးဝမနာခဲ့တာ ကိုရင်ထွက်လဲပြီးရော ဘုတော့နာတော့ဘဲ တကဒဲ ကြီးတော်တွေ အဖွားတွေ သူတို့  ကုသိုလ်ရအောင် သောက်ပေးရတဲ့ အအေးဖိုးတွေ တောင် မနှမျှောဘူး ခုတော့ ... ကြိမ်လုံးနဲ့  ...

ကိုရင်ဘ၀ မှာလောက်ပျော်တာ မရှိဘူးထင်ပါရဲ့။ (ရီးစားမရခင်..)

ဘယ်သူတွေ တက်သလဲတော့မသိဘူး ကိုပီကေနဲ့  ကိုရန်အောင်က တက်တယ်ပြောတာနဲ့  တက်ခဲ့တဲ့ သစ်ပင် ကျခဲ့တဲ့ မြေကြီးနဲ့  ပေါက်ခဲ့တဲ့ ဒူးတွေ အကြောင်း (တူတော်မောင် မျောက်လောင်းလေး၂ယောက်အကြောင်း ကောက်နုတ်ချက်မှ) ရေးပြတာပါ။

တက်သမျှ လူများအားလုံးကို ဒီပို့ စ်ဖြင့် ကျေနပ်ပါလို့ ပြောပါရစေ.

တက်ချင်ရာတက် ရေးချင်ရာရေးမယ် ရေးချင်မှလဲရေးမည် အဘယ့်ကြောင့်ဆိုသော် စိတ်၏လွတ်လပ်မှုကို လိုချင်သောကြောင့် အနှောင်အဖွဲ့ ဖြင့် တုပ်နှောင်ခံရမှု မလိုချင်သောကြောင့်ဖြစ်ပါသဖြင့် စိတ်ဆိုးပါက အနူးအညွှတ်တောင်းပန်ပါသည်။ စာရေးသူ၏ စိတ်အလိုဆန်ဒအရသာ လုပ်ချင်ပါသည်။ ခွင့်လွှတ်ပါ။

1 comments:

SuN said...

very funny!!! .. I can't stop laughing!!

 
/* EOT ----------------------------------------- */