Friday, June 13, 2008

သေကံမရောက်သူတို့ ရဲ့ ပုံပြင်ကလေးများ

ကျနော့်ဘလော့ရဲ့ နောက်ကွယ်ကနေ စာရေးတဲ့အဖွဲ့ ဝင်တဦး ဘိုကလေးမြို့ နယ်ထဲက မုန်တိုင်းဒဏ်ခံရတဲ့ ရွာလေးတွေ ကို ရောက်သွားခဲ့ပါတယ်။ သေကံမရောက် သက်မပျောက်ဘဲ ကျန်ခဲ့တဲ့ ပုံပြင်ကလေးတွေ မျှဝေ လိုက်ပါတယ်။

ဘိုကလေးဘက်က ချောင်းကြိုချောင်းကြား သွားလာရေးခက်ခဲတဲ့ နေရာ ပင်လယ်နဲ့ နီးတဲ့ နေရာတွေ မှာပေါ့ဗျာ..

နေရောင်ကြောင့် အသားညိုတဲ့ ရွာသားတွေဟာ မုန်တိုင်းအတွင်းမှာ ရေနစ် အသက်ဆုံးခဲ့ရပေမဲ့ အခုထိ အလောင်းတွေ မပျောက်သေးပါဘူး။ ပင်လယ်ရေ ဆားငံဓါတ်ကြောင့် ငါးပိကောင်ဆားသိပ်သလို အသားရေတွေ ရှိနေပြီး အသားတွေဟာ တိုက်တွေမှာဆေးသုတ်တဲ့ အ၀ါရောင် ဖျော့ဖျော့အရောင် ပြောင်းနေပါတယ် အသားတွေက တော့ ပုတ်ပွနေကြပါတယ်။ တချို့ ဆို လက်ပြတ်ခြေပြတ် ခန္ဓာကိုယ်ပြတ်ပြီး အရိုးတပိုင်းနဲ့  သောင်မှာတင်နေတယ်။ အများအားဖြင့် ဓနိတောထဲမှာ ပေါလောတင်နေကြပါတယ်။ အဖွဲ့ ဝင်တဦးသွားတဲ့ အချိန်မှာတော့ ဇွန်လ ၅-၆-၇ရက်ဆိုတော့ အလောင်း အနည်းငယ်သာ သောင်ထဲ ဓနိတောထဲ တင်နေပြီး အလောင်းအများစုကတော့ ၀ဲကလှိုင်ထဲမှာ ထပ်နေကြပါတယ် ဓါတ်ပုံ မရလိုက်လို့  မတင်ပေး နိုင်သေးပါဘူး။


ရွာဆိုတဲ့ အတိုင်းညဘက်မှာ မီးမရှိကြပါဘူး။ ညမှောင်မှောင်မှာ လေပြင်းတွေ စကြပြီး ရေတက်လာလိုက်တာ ထန်းပင်တောင် မြုပ်သွားပါတယ်။ မြစ်ဝကျွန်းပေါ်မှာနေကြပေမဲ့ ရေမကူးတတ်တဲ့သူတွေလဲ ရှိပါတယ်။ ရေအရှိန်ပြင်းတော့ ရေကူးတတ်သူတွေတောင် မခံနိုင်ပါဘူး။ သစ်ပင်တွေဖက်ထားပေမဲ့ သစ်ပင်တွေတောင် အမြစ်က လှန်ထွက် ကျွတ်ထွက်မှတော့ဗျာ.... လူတွေလဲ ရေလှိုင်းထဲမှာ အသက်ရှင်ဖို့ အခွင့်နဲပါတယ်။ များသောအားဖြင့် ဘုန်းကြီးကျောင်း၊ ဘုရားရှိတဲ့ ရွာလေးမှာ အသက်ရှင်နုန်းများကြတယ်။

မှောင်ကြီး မဲမဲထဲမှာ ရေအရှိန်နဲ့ လိမ့်ပါသွားလို့  တွေ့ ရာ ကောက်ဖက်ကြတဲ့သူတွေမှာ

- တညလုံး အနားရောက်လာတဲ့ မဲမဲ ကြီးကို ဖက်တွယ်ထားလို့  မနက် အလင်းရောင်ရမှ ကြည့်လိုက်တဲ့ အခါမှာ မိချောင်းကြီးဖြစ်နေတယ်။ မိချောင်းကြီးကို လွှတ်ပြီး ရေကူးပြေးတော့ မိချောင်းလဲ ဘာမှမလုပ်ဘဲ သူ့ ဖာသာကူးထွက်သွားတယ် အေးလေ သူလဲ ရေဘေးဒုက်ခသည်ပေဘဲ။

- အနားရောက်လာတဲ့ အရာကြီး ဖက်တွယ်လိုက်တော့ ထန်းပင်လောက်ရှိတဲ့ ငန်းမြွေကြီးဗျာ။ သူ့ ကို လာ ဖက်တွယ်တဲ့ သူတွေကို ကမ်းပေါ် က ဘုရားမြေပေါ် တင်ပေးသွားတာ အခေါက်ခေါက်ဆိုဘဲ။ လူ၃ယောက် လောက် အသက်ရှင်ခဲ့တယ်။ ဘုရားကို စောင့်တဲ့ ငန်းမြွေလို့ ယူဆကြပါတယ်။

- အနားရောက်လာတဲ့ စပါးကြီးမြွေကို အဘိုးကြီး အဘွားကြီး ၂ဦးဖက်တွယ်ထားလိုက်တာ။ ရေအရှိန်ထဲ သတ္တ၀ါ၃ဦး လှိမ့်ပါသွားတာပေါ့ဗျာ။ တနေရာမှာ အုန်းပင်၂ပင်နားရောက်တော့ မြွေကြီးက အမြီးကို တပင်မှာ ပတ်။ ခေါင်းကို နောက်တပင်မှာ ပတ်လိုက်တော့ ကြိုးတန်းလိုဖြစ်ပြီး အဘိုးအဘွားကြီး က မြွေကြီးကို ဖက်တွယ်ပြီး ရေစီးနဲ့  ပါမသွားဘူးဗျ။ မနက်ရောက်တော့ အဘိုးအဘွားကြီးအသက်ရှင်ပြီး ကယ်တင်ရှင်မြွေကြီး ကတော့ အသက်ပျောက်နေပါလေရဲ့ဗျာ။

-၂ . ၁လက်မ သစ်သားချောင်းကိုတွယ်လိုက်လာတဲ့ အသက် ၁၁နစ်အရွယ် ကောင်ကလေးတဦးဆိုရင် ချောင်းအတွင်းထဲမှာ နေတဲ့ ရွာထဲက နေ ပင်လယ်ထဲက မိန်းမလှကျွန်းမှာ သောင်တင် အသက်ရှင် နေခဲ့ကြတယ်။ သူလို သစ်သားတန်းကို ဖက်တွယ်တဲ့သူတွေ တချို့ ကျတော့ တခြားရွာဘက် သောင်တင် ကြတယ်။ မိဘတွေ ကွဲလို့  အကိုတဦး အသက်ရှင်တယ် ကြားပါသတဲ့။ နေစရာမရှိလို့ စက်လှေပိုင်ရှင်က အလုပ်ပေး ထမင်းကျွေးထားပါတယ်။

-တချို့ က အနားရောက်လာတဲ့ ကောက်ရိုးပုံပေါ်တက်နေတာ မြွေကိုက်လို့ လက်မတွေ ဖြတ်လိုက်ရတာလဲ ရှိပါတယ်။

- ၅လသမီးလေးကို လက်တဖက်နဲ့ဖက် နောက်လက်တဖက်နဲ့  သစ်ပင်ကြီး ဖက်တွယ်ထားတဲ့ မိခင်ခမျာ သေကံမရောက်ဘဲ အသက်ရှင်နေခဲ့ပါတယ်။ ရေကျတော့ ခေါင်မိုးပေါ်တင်ကျန်နေပါတယ်။ ကလေးက အသံမထွက်တော့ ခြေ၂ချောင်း ကို လက်ကဆွဲပြီး ကလေးကို စောက်ထိုးထားပြီး တင်ပါးလေး ကျောလေး ပုတ်လိုက်တော့ ရေတွေ ထွက်ကျလာပြီး ကလေး အသက်ရှင်ကျန်ခဲ့ပါတယ်။

- ရန်ကုန်က လူတဦး လပွတ္တာဘက်က ရွာမှာ သွားပြီး နေတုန်း မုန်တိုင်းနဲ့ ကြုံပါသတဲ့။ သူက ကောက်ရိုးပုံပေါ်တက်စီးပြီး အနားရောက်လာတဲ့ ကလေးတွေ မှန်သမျှ ကောက်ရိုးပုံပေါ် ပစ်တင် ခေါင်မိုးပေါ်တင်ပေးပါတယ်။ ကံကောင်းချင်တော့ ကောက်ရိုးပုံက မမှောက်ဘဲ အလုံးလိုက် ရေစီးထဲ မျှောသွားပါသတဲ့။ ကောက်ရိုးပုံ ပေါ်တက် လာတဲ့ မြွေကို ရိုက်ချရသေးတယ်။ ဘိုကလေးဘက်က တော့ ကံဆိုးတယ်ဗျ ကောက်ရိုးပုံမှောက်လို့ သေတာများတယ်။

- သားသမီးတွေ မြေးတွေ တဦးမှ ပြန်မတွေ့ ဘဲ ကျန်ခဲ့တဲ့ မျက်မမြင် အဖွားတွေ။ တချို့ က အဖိုးဘဲ ကျန်တယ်။ တချို့ က ကံကောင်းလို့  မိသားစုမှာ ၁၃နစ်သမီးဘဲ ပျောက်တဲ့ မိခင်တွေ။ နောက်နေ့ မှ ဓါတ်ပုံရတော့မှ တင်ပေးမယ်ဗျာ။

- မုန်တိုင်းဒဏ်ကြောင့်နေစရာ မရှိ စားစရာ မရှိလို့  မြို့ ပေါ်တက်လာတဲ့ သူတွေကို သေနတ်ထောက်ပြီး မော်တော်ပေါ် အတင်းတက်ခိုင်းပြီး ရေမြုပ်နေတဲ့ ရွာတွေ ကို ပြန်ခိုင်းတယ်။ မိုးတွေလေတွေကြား အတင်း ပြန်ခိုင်းတော့ မော်တော် ၄စီးစလုံး နစ်သွား တယ်ဗျာ။

တလကျော်တဲ့အထိ တချို့ ရွာမှာ အကူညီပေးတဲ့ အဖွဲ့ တဖွဲ့ မှ မရောက်ကြတာ တွေ့ ရပါတယ်။ လောလောဆယ် သူတို့ လိုတာ တွေက အမိုးအကာ၊ အစားအသောက်ပါဘဲ။ အ၀တ်မရှိလဲ နေနိုင် ပေမဲ့ မိုးကျလာရင် အခက်ခဲ ဖြစ်နေကြပါတယ်။ မိုးရွာလို့ သောက်ရေ အတွက် ရလို့ နေနိုင်ကြပါသေးတယ်။ ဆေးဝါးမရှိလို့  မုန်တိုင်းထဲမှာ ထိခိုက် ဒဏ်ရာရထားတာတွေ မကုသ နိုင်သေးကြ ပါဘူး။ အနာပြည်တည်ပြီး အခက်ခဲပေါင်းများစွာ ခံစား နေကြရ ပါတယ်။


တကယ်လို့ ငွေလှုလိုပါက NON-PROFIT, NON-GOVERNMENT ORGANIZATION အဖွဲ့ တွေကို လျူကြပါလို့ တိုက်တွန်းလိုပါတယ်။ လောလောဆယ် ကိုယ့်အလုပ်ပစ် မိသားစုပစ်ပြီး အလျူကိစလုပ်ပေးနေတဲ့ အဖွဲ့ ကို ငွေလျူပေးကြပါလို့ တိုက်တွန်းလိုပါတယ်။


ဘာညာ barnyar.demo@gmail.com
ဘာလာဂေါက် zzml33@gmail.com

သူတို့ လေးတွေဟာ အလုပ်ကို ပစ်ပြီး ဒုက်ခသည်တွေကို လူအား ငွေအားနဲ့ ကူညီနေကြပါတယ်။ ရသမျှကို လိုအပ်တဲ့ ဆန် ဆီ ဆေးဝယ် ကြပါတယ်။ ပေးပို့လာတဲ့ အ၀တ်ထည် အစားသောက်နဲ့ ပစည်းတွေအားလုံးကို ရွာအရောက် ကိုယ်တိုင် အပင်ပန်းခံ လျူဒါန်း နေကြပါတယ်။

သူတို့ ထံမှ ပြန်စာမရပါက အောက်ပါအဖွဲ့ ဝင်များကိုလည်း ဆက်သွယ်လျှူဒါန်းစေလိုပါသည်။
ပင့်ဂိုးလ် cuttiepinkgold@googlemail.com
ဖိုးသူတော် phoethudaw@gmail.com



နိုင်ငံတကာက နေ
တရားဝင်ပေးပို့ လျူဒါန်း တဲ့ ဒေါ်လာတွေ မြန်မာနိုင်ငံတော် ရဲ့ မကောင်းဆိုးဝါး လူသတ်သမား ဓါးပြ သူခိုး လက်ထဲရောက်လို့  ဒီငွေတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ဟော်တယ်မှာ တက်ဖြုန်း လို့ ကုန်နေသလား၊ လေယဉ်ပျံ ၀ယ်စီး လို့ လား၊ ဟောလီးဝုဒ်မှာ အိမ်ဝယ်သလား မသိဘူး ဗျ။ ယူနီဆက် က ပေးတဲ့ ဒုက်ခသည်တွေအတွက် ဓါတ်ဆားရည်တွေ ဆေးတွေ ပတ်တီးတွေကို ကျနော့်အဖွဲ့ ဝင်တဦးက ရန်ကုန်မှာ ၀ယ်ပြန် ခဲ့ပါတယ် တဲ့ ဗျား။ လူသတ်သမား များ အ၀ီစိမှာ ကျိုးကပ် နိုင်ပါစေသတည်း။

0 comments:

 
/* EOT ----------------------------------------- */