ကမ်းပေါ်တင်နေသောလှေ နှင့် ပျက်စီးနေသော ဘုန်းကြီးကျောင်း
ဘာညာလေး မှ အလျှူပစ္စည်းပေးအပ်ပြီး လိုအပ်သည်မှာကို မှတ်သားနေစဉ်
၁၃နစ် သမီးလေး ဆုံးရှုံးခဲသော မိခင်
တရွာလုံးပျက်စီးပေမဲ့ မပျက်စီးတဲ့ စေတီတော် နှင့် ဘုရားရုပ်ပွားတော်
သောက်ရေကန်လဲ.. မည်သို့ သန့် ရှင်းနိုင်ပ့ါ မလဲ၊ ပင်လယ်ရေ၀င်လို့  သောက်လို့ ခက်နေသည်။
မိသားစု ၂၂ယောက်စလုံးဆုံးရှုံးခဲ့ရသော အဘိုး၏ ဗွီဒီယိုမှတ်တမ်း
ယခု ဗွီဒီယိုရိုက်ခဲ့သော ရွာကလေးမှာ မေ၂ရက်နေ့ မှ ဇွန်၃ရက်အတွင်း အဖွဲ့ ၃ဖွဲ့ သာ ရောက်ရှိသဖြင့် စားစရာ ဆေးဝါး အမိုးအကာများ မပြည့်မစုံ ဖြစ်နေကြရပါသည်။
ဇွန် ၃ရက် ။ ။ ဘိုကလေးသွားရာ လမ်းတလျောက်တွင် တချို့ နေရာမှာ လေဒဏ်မခံကြရသည်ကို တွေ့ ရသည်။ သစ်ပင် ငယ်ကလေးများ ပုံစံပင် မပျက်ပါ။ တချို့ နေရာတွင် အုန်းပင်၊ ထန်းပင်များ အနည်းငယ်ယိုင်ခြင်း၊ သစ်ရွက်များ ပြတ်ခြင်း၊ အပင် အချို့ လဲပြို ခြင်းများကို ကြည့်ပြီး ဘယ်နေရာမှာ မုန်တိုင်းဝင်ပြီး ဘယ်နေရာမှာ လွတ်ကင်းသည်ကို ဝေဖန်ခဲ့ကြသည်။ ကျောက်တန်းမြို့ လောက် မဆိုးဝါးကြပါ။ ကျောက်တန်းမြို့ တွင် ရှိရှိ သမျှအပင်များ ပြတ်ထွက်ခြင်း အပင်ငယ်များမရှိတော့ခြင်းဖြစ်သော်လည်း မုန်တိုင်းအလယ်ဗဟိုရှိ တန်ခိုးကြီးသည့် ရေလည်ဘုရားမှာ မပျက်မစီးရှိနေသည်ကို တွေ့ ရှိနိုင်ပါသည်။ ဘုရားကျောင်းကန်များ ပြိုကျ ပျက်စီးခဲ့သော်လည်း ဘုရားဆင်းတုတော်သာ ထီးထီးကြီး ကျန်သည်ကို ဗုဒ္ဓဘာသာဝင်များ ၀မ်းမြောက်ကြည်နူးဘွယ်ရာ တွေ့ မြင်နိင်ပါသည်။
ဘိုကလေးမြို့ သို့ ၁၂နာရီခွဲ တွင်ရောက်ရှိသည်။ မြို့ အ၀င်တွင် လဲပြို နေသော အမြစ်ကျွတ်သစ်ပင် ကြီးအား ရိုက်ပြီး ၁၀စက္ကန့် အကြာတွင် မာတို့ စီးလာသော ကားအား စစ်ဆေးမှု့ ပြုရန် တားဆီးခံရသည်။ ရဲက မှတ်ပုံတင် တောင်းသည်။ ဘုန်းကြီးကျောင်းသို့ အလည်လာခြင်းဖြစ်ရာ မည်သူမှ မှတ်ပုံတင် မယူလာကြပါ။ ရဲ က ဘုန်းကြီးပါမကျန် မေးသည် ။ ကားမောင်းသူ၏ နံမည်ကို မေးသည်။ မာ့ကိုလည်း ထပ်ကြည့်ပြီး မနေနိုင်သည့် အဆုံး ဘာလူမျိုးလဲ ဟုမေးသည်။ မာ အံ့သြမိပါသည်။ ကျမ ဗမာပါဟု ပြောရသည်။ စိတ်ပုတီးဆွဲထားသော မာသည် နိုင်ငံခြားသူဖြစ်နိုင်ပါမည်လော။ ဘယ်မှာနေသလဲ ထပ်မေးသည်။ ရန်ကုန်က။ ဘာလို့ လဲ ဟု ရန်ကုန်သံစစ်စစ် ဖြင့် ပြန်ဖြေမှ ဘာမှမမေးဘဲ ကားမောင်းသူ နံမည် ထပ်မေး၍ ကားကို သွားခွင့် ပြုသည်။ ထိုအခါမှ ကားမောင်းသူက နောက်တခါမေးလျှင် မောင်မောင်ဟု မဖြေဘူး ကျော်ကျော်ဟု ဖြေမည်ဖြစ်ကြောင်း ရီမောစွာပြောနိုင်တော့သည်။ နောက်မှ သတိထားမိသည်မှာ မြို့ အ၀င်ဝတွင် သစ်ပင်အား ဓါတ်ပုံရိုက်သော မာ့ကို တွေ့ သွား၍ဖြစ်နိုင်ကြောင်း မည်သူမှ စိတ်ပုတီးမဆွဲသည့် ခေတ်တွင် မာက စိတ်ပုတီးဆွဲ သဖြင့် နိုင်ငံခြားသူဟု အထင်ရောက်ပြီး ဗမာလိုမေးခြင်းဖြစ်ကြောင်း သိရသည်။ မာ ကလည်း ဗမာ ပီပီ ရန်ကုန်သံ စစ်စစ်ဖြင့် ပြန်ဖြေခဲ့ရသည်။ (ဘိုကလေးမှ အပြန်တွင် အနှီပုဂ္ဂိုလ်အား ဘိုင်ဘိုင် မပြလိုက်ရ နှတ်မဆက် လိုက်ရသဖြင့် မနှောအတွင်း မှ ဒင်း အား တာ့တာ ပြခဲ့ရလေသည်။)
ဘုန်းကြီးကျောင်းသို့ စောစီးစွာရောက်လာသော မာတို့ က နောက်ကျရောက်လာသော အဖွဲ့  အား စောင့်ကြရပါသည်။ နေ့လည် ၂နာရီခွဲသောအခါမှ ကုန်ကားများနှင့် အဖွဲ့ သားအကုန်ရောက်လာကြပါသည်။ ချက်ချင်းဆိုသလို မနားနိုင်ဘဲ ပစ္စည်းများ ကို ဘုန်းကြီးကျောင်းအတွင်း အမျိုးအစားခွဲခြားပြီး သွားရောက်မည့် ရွာ အရေအတွက်နှင့် ပစည်း အရေတွက်ကို တွက်ကာ တရွာတွင် လူဦးရေပေါ်မူတည်ပြီး မည်မျှ ဝေငှမည်ကို
သတ်မှတ်လိုက်ပါသည်။ အလင်းရောင်ရှိသည့် ၃နာရီမှ ၆နာရီသာ သွားနိုင်မည်ဖြစ်သဖြင့် ရွာ၃ရွာသို့ ခရီးဆက် ရန် ပစ္စည်းများကို စက်လှေပေါ်သို့ တင်ကြပါသည်။
စေတနာအဖွဲ့ မှာ ကျူရှင်ကျောင်းတခုသို့ သွားရောက်၍ လုပ်အားပေးအကူညီတောင်းခဲ့သဖြင့် ထိုကျူရှင်မှ ကျောင်းသားများ ၁၅ယောက် အ၀တ်၂စုံကိုယ်စီဖြင့် လုပ်အားပေးလိုက်လာကြသဖြင့် ပစ္စည်းများသယ်ချရာ တွင် အလွန်အဆင်ပြေလှပါသည်။ ကျောင်းအနီးရှိ ရပ်ကွက်မှလည်း လာရောက် ပစ္စည်းသယ်ပိုးပေးကြပါသည်။ ဘုန်းကြီးကျောင်းနှင့် လှေဆိပ်မှာ လှမ်းသဖြင့် လက်တွန်းလှည်း၊ ကားငှားသွားရပါသည်။ စက်လှေ တစီးတွင်ပြီး သွားကြပါသည်။ အသက် ၅နစ်အရွယ် ကလေးများ ပင်လျှင် လာရောက် ပစ္စည်းသယ်ပေးကြပါသည်။
သို့ ဖြင့် ဖိုးတီကွဲ၊ စာဖြူစုနဲ့ ရွာသာအေး စုစုပေါင်း ( ၃ရွာ)သွားခဲ့ပါသည်။ ဖိုးတီကွဲရွာ သည် သွားလာရေးခက်ခဲ သောကြောင့် မာတို့ အဖွဲ့ အပါအ၀င်ကယ်ဆယ်ရေး အဖွဲ့ ၃ ဖွဲ့ပဲရောက်ခဲ့ပါသတဲ့ UNICEFရယ် ACF ရယ် မာတို့ အဖွဲ့ သာ တလအတွင်းရောက်သဖြင့် မည်မျှ အစားသောက် ဆေးဝါးပြတ်လပ်မည်ကို မှန်းနိုင်ကြပါသည်။
ပစည်းများ ဝေငှပြီးသည်နှင့် တည်းခိုရာ နေရာသို့ ပြန်လာခဲ့ ကြပါသည်။ ပြန်ရောက်သည်နှင့် ကိုယ့်ပစည်း များနေရာချ အိပ်ရာပြင်ဆင်ပြီး ရေချိုးကြပါသည်။ မာတဦးမှလွဲ၍ အားလုံးမှာ တည်းခိုရာ နေရာမှ စီစဉ် ပေးသော ညစာစားသောက်ကြပါသည်။
ညဘက်တွင် စေတနာအဖွဲ့ ဝင်များမှာ ချက်ချင်း မအိပ်နိုင်ကြပါ။ နျေွှာက်တရက်တွင် သွားမည့်အစီအစဉ်ကို ရွာခံများ ဖြင့်၎င်း၊ မုန်တိုင်းဒဏ်ခံရသူများထံမှသတင်းများ ယူကြရပါသည်။ မည်သည့်နေရာ သွားမည်ကိုစီစဉ်ရ ပါသည်။ မာကို အားနာသောကြောင့်ထင်ပါသည် နဂိုစီစဉ်ထားသော ပင်လယ်အထိ ထွက်မည့်အစီအစဉ်ကို ဖျက်ပြီး ချောင်းကြိုချောင်းကြား အသွားလာခက်ခဲသော နေရာများသို့ သွားရန် စီစဉ်ကြပါသည်။ ထိုလမ်းခရီးမှာ ချောင်းကြိုကြားဖြစ်သော်လည်း ရေ၀ဲဂယက်များ ရေစီးကြောင်းများဖြင့် အသက်အနရယ်ရှိသော လမ်းခရီး ဖြစ်ပါသည်။
မာအနေဖြင့် ဆုံးဖြတ်ပြီးလိုက်လာခဲ့သည့်အတွက် မည်သို့ ပင် အခက်ခဲ တွေ့ စေကာမူ လိုက်ပါအလျှူပေးမည် ဖြစ်ပါသည်။ သို့ ဖြင့် ညအိပ်ရသော်လည်း နောက်တနေ့ အတွက် ရင်တမမ ဖြင့် စဉ်းစားရင်း အိပ်ပျော်သွားပါတော့သည်။
သို့ ဖြင့် ဇွန်၃ရက်တွင် အလျူ တခုပြီးမြောက်ပါသဖြင့် စာဖတ်သူများ အားလုံးကို အမျှဝေပါသည်။
အမျှ.. အမျှ.. အမျှ
Sunday, June 15, 2008
သေကံမရောက်သူတို့ ရဲ့ ပုံပြင်ကလေးများ - 3
at 7:05 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment